Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by admin on

သုံးစွဲသူများ၏အချက်အလက်များကို ခိုးယူရန်အတွက် အမေရိကန်တွင်ရှိသော၎င်း၏စနစ်အချို့ တိုက်ခိုက်ခံရပြီးနောက် အီလက်ထရွန်းနစ်ကုမ္ပဏီကြီးဖြစ်သည့် Samsung က အချက်အလက်ပေါက်ကြားမှုကို ယနေ့တွင် အတည်ပြုလိုက်ပါသည်။

          ပြီးခဲ့သော ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကတည်းက ၎င်း၏စနစ်များ တိုက်ခိုက်ခံခဲ့ရကြောင်း ကုမ္ပဏီက ပြောကြားသည်။ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို ရယူခြင်း ခံခဲ့ရကြောင်းနှင့် ၎င်း၏ကွန်ရက်ထဲမှ ခိုးထုတ်ခြင်းခံခဲ့ရကြောင်း ဩဂုတ် ၄ ရက် မကြာသေးမီက Samsung က တွေ့ရှိခဲ့သည်။

          အဆိုပါ ကျိုးပေါက်မှုတွင် တိုက်ခိုက်သူများက လူမှုဖူလုံရေးကတ် (သို့) အကြွေးဝယ် ကတ်နံပါတ် များကို ခိုးယူခြင်းမရှိခဲ့သော်လည်း Samsung သုံးစွဲသူများ၏ အမည်များ၊ အဆက်အသွယ်များ၊ လူဦးရေ စာရင်းအချက်အလက်၊ မွေးသက္ကရာဇ်နှင့် Samsung သုံးစွဲရာတွင် မှတ်ပုံတင်သည့်အချက်အလက်များ ကို ခိုးယူခဲ့ကြသည်။

          “အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ကို သိရှိပြီးနောက် ထိခိုက်ခဲ့သော စနစ်များကို လုံခြုံမှုရှိစေရန် ဆောင်ရွက်ခဲ့ပြီး ပြင်ပဆိုက်ဘာလုံခြုံရေးကုမ္ပဏီနှင့် ပူးပေါင်း၍ ဆက်လက်စစ်ဆေးမှုများပြုလုပ်ကာ ဥပဒေစိုးမိုးရေးအဖွဲ့နှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း” Samsung မှ ပြောကြားခဲ့သည်။

          အသုံးပြုသူများ၏ အချက်အလက်ကျိုးပေါက်မှုသည် ကွဲပြားမှုရှိနိုင်ပြီး ဤကျိုးပေါက်မှုကို သိရှိစေရန် သုံးစွဲသူများအား အသိပေးအပ်ပါကြောင်း ကုမွဏီမှ ပြောကြားခဲ့သည်။

          Samsung မှ အချက်အလက်ကျိုးပေါက်မှုတွင်ပါဝင်ခဲ့သည့် အသုံးပြုသူများအား အောက်ပါအချက်များကို အကြံပြုထားပါသည်-

  • သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကိုတောင်းခံခြင်း (သို့မဟုတ်) ကိုယ်ရေးကိုယ်တာ အချက်အလက်များတောင်းဆိုသည့် ဝဘ်စာမျက်နှာသို့ လွှဲပြောင်းပေးသည့် ပုံမှန်မဟုတ်သော ဆက်သွယ်မှုများကို သတိထားပါ။
  • လင့်ခ်များကို နှိပ်ခြင်း သို့မဟုတ် သံသယဖြစ်ဖွယ်အီးမေးလ်များမှ ပူးတွဲပါဖိုင်များကို ဒေါင်းလုဒ် လုပ်ခြင်းမှ ရှောင်ကြဉ်ပါ။
  • သံသယဖြစ်ဖွယ်လုပ်ဆောင်မှုများရှိ/မရှိ မိမိ၏အကောင့်ကိုပြန်လည်စစ်ဆေးပါ။

          ဤကျိုးပေါက်မှုသည် ယခုနှစ်အတွင်း Samsung မှ အတည်ပြုခဲ့သည့် ဒုတိယမြောက် အချက်အလက် ပေါက်ကြားမှုဖြစ်ပြီး မတ်လတွင် ဒေတာငွေညှစ်သည့်အဖွဲ့ Lapsus$ က ၎င်း၏ကွန်ရက် ကို ဖောက်ထွင်းကာ Galaxy ဖုန်းများ၏ မူရင်းကုဒ်အပါအဝင် လျှို့ဝှက်အချက်အလက်များကို ခိုးယူခဲ့ကြောင်း Samsung မှ အတည်ပြုခဲ့သည်။

          ဟက်ကာများက Samsung ၏ဆာဗာများမှ ခိုးယူထားသည့် စာရွက်စာတမ်းများဟု ဆိုထားသည့် 190GB ရှိမှတ်တမ်းများကို ဖွင့်ချခဲ့ခြင်းဖြစ်သည်။

          ယနေ့အစောပိုင်းတွင် BleepingComputer က Samsung အား ဇူလိုင်လအချက်အလက် ပေါက်ကြားမှုနှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို မေးမြန်းခဲ့ရာတွင် အကြောင်း တစ်စုံတစ်ရာပြန်ကြားခြင်းမရှိခဲ့ပါ။

Sergiu Gatlan ၏ “Samsung discloses data breach after July hack” ကို ရည်မွန်ကျော် ဘာသာပြန်ဆိုပါသည်။

standard