အဓိကအကြောင်းအရာသို့ သွားမည်

မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ (mmCERT) ၏ တရားဝင် Website

၁။       ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge (2024) ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်

၂။       လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပြန့်ပွားစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန်။

အကျိုးကျေးဇူးများ

၃။       အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ကမ္ဘာနှင့်တစ်ဝှမ်း ဆိုက်ဘာရာဇဝတ်မှုများ၊ ဆိုက်ဘာခြိမ်းခြောက်မှုများ တိုးတက်များပြားလာသည့်အတွက် မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် ဆိုက်ဘာလုံခြုံရေး၏ အရေးပါမှုကို သိရှိလာစေခြင်း၊

(ခ)   လူငယ်လူရွယ်များ၏ သတင်းအချက်အလက်လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ကာကွယ်နိုင်မည့်နည်းလမ်းများအား ပိုမိုသိရှိလာစေခြင်း၊

(ဂ) နိုင်ငံတကာ၏ စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ထားသော မေးခွန်းများကို ဖြေဆိုခြင်းဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွေ့အကြုံကောင်းများ ရရှိစေခြင်း။

ပြိုင်ပွဲကျင်းပမည့်ရက်                                  - ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။

ပြိုင်ပွဲကျင်းပမည့်နေရာ                                - ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်။

ပြိုင်ပွဲလျှောက်လွှာပိတ်ရက်                           - ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။

ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိသူစာရင်းကြေညာခြင်း  - ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

မှတ်ချက်။ ပြိုင်ပွဲတွင် အသင်းပေါင်း ၂၅ သင်းသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ပါသည်။ အချက်အလက် ပြည့်စုံစွာ ဖြည့်စွက်ထားခြင်း မရှိသည့်အသင်းများ၊ ပြိုင်ပွဲဝင် ၃ ဦး မပြည့်မီသည့် အသင်းများကို ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ဘဲ အရည်အချင်းကိုက်ညီသည့် ပြိုင်ပွဲဝင်အသင်း ၂၅ သင်းကျော်လွန်ပါက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက် ၉ နာရီ၌ အွန်လိုင်းတွင် Web Security၊ Binary Exploit ၊ Forensics ၊ Reverse Engineering ၊ Cryptography နှင့်သက်ဆိုင်သော မေးခွန်းများကို နှစ်နာရီအတွင်း ဖြေဆိုရမည်ဖြစ်ပြီး အမှတ်အများဆုံး အသင်း ၂၅ သင်းကို ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် ဖြစ်ပါသည်။

ချီးမြှင့်မည့်ဆုများ

၅။       ချီးမြှင့်မည့်ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    ပထမဆု        - ငွေကျပ် (၂၀)သိန်း၊ Trophy၊ Certificate၊ 

          ( ခ)    ဒုတိယဆု       - ငွေကျပ် (၁၅)သိန်း၊ Trophy၊ Certificate၊ 

          ( ဂ)    တတိယဆု     - ငွေကျပ် (၁၀)သိန်း၊ Trophy၊ Certificate။

ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသူများ

၆။       ပြိုင်ပွဲဝင်များအနေဖြင့် အောက်ပါအချက်အလက်များနှင့် ကိုက်ညီရပါမည်-

          (က)    ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရပါမည်။

          ( ခ)    အသက်ကန့်သတ်ချက်၊ ပညာအရည်အချင်း ကန့်သတ်ချက် မရှိပါ။

မှတ်ချက်။      ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် အသက် ၃၀ နှစ် ပြည့်ပြီးသူများသည်  ထိုင်းနိုင်ငံ၌ ကျင်းပမည့် "ASEAN Cyber SEA Game" ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ပါ။

ဖြေဆိုရမည့်ကဏ္ဍများ

၇။      အောက်ပါကဏ္ဍများကို သတ်မှတ်ချိန်အတွင်း ဖြေဆိုရမည်ဖြစ်ပါသည်-

          (က)    Web Security

          ( ခ )   Forensics

          ( ဂ )   Cryptography

          (ဃ)    Reverse Engineering

          ( င )   Binary Exploit (Pwn)

မှတ်ချက်။ ပြိုင်ပွဲစတင်သည်နှင့် တပြိုင်နက် ကဏ္ဍအသီးသီးမှ မေးခွန်းများအားလုံးကို ဖြေဆိုနိုင်ရန် ခွင့်ပြုပေးထားမည် ဖြစ်ပါသည်။

ပြိုင်ပွဲအစီအစဉ်

၈။      ပြိုင်ပွဲအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    ၀၈:၃၀-၀၉:၀၀ - ပြိုင်ပွဲဝင်များ မှတ်ပုံတင်ခြင်း၊

          ( ခ)    ၀၉:၀၀-၁၀:၀၀ - အဖွင့်အမှာစကားပြောကြားခြင်း၊ ပြိုင်ပွဲစည်းကမ်းချက်များ ရှင်းလင်းခြင်း၊

          ( ဂ)    ၁၀:၀၀-၁၆:၀၀ - ပြိုင်ပွဲယှဉ်ပြိုင်ခြင်း၊

          (ဃ)    ၁၆:၀၀-၁၇:၀၀ - ဆုချီးမြှင့်ခြင်း။

ပြိုင်ပွဲဝင်များအတွက် စည်းကမ်းချက်များ

၉။       စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ဝန်ထမ်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါ။

( ခ)    ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စာရင်းပေးထားပြီး လာရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် ပြိုင်ပွဲဝင်များအား ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ရာသက်ပန် ပိတ်ပင်မည် ဖြစ်ပါသည်။

( ဂ)    ဆုရရှိသည့် အသင်းများမှ ပြိုင်ပွဲဝင်များကို စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် "Singapore Cyber Conquest"၊ ဗီယက်နမ်နိုင်ငံမှ ကျင်းပပြုလုပ်မည့် "ASEAN Students Contest on Information Security"၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် "ASEAN Cyber SEA Game" ပြိုင်ပွဲနှင့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် "ACS Hacking Contest 2024" သို့ စေလွှတ်ယှဉ်ပြိုင်စေမည် ဖြစ်ပါသည်။

(ဃ)    ပြိုင်ပွဲယှဉ်ပြိုင်စဉ်အတွင်း လိုက်နာရမည့်စည်းကမ်းချက် အသေးစိတ်အား ပြိုင်ပွဲ မယှဉ်ပြိုင်ခင်တွင် ရှင်းလင်းမည်ဖြစ်ပါသည်။

လျှောက်လွှာပေးပို့ရန်

၁၀။    ပြိုင်ပွဲဝင်လျှောက်လွှာများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ထက် နောက်မကျစေဘဲ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ ဇမ္ဗူကျက်သရေလမ်း၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်သို့ လူကိုယ်တိုင်လာရောက်ပေးပို့၍ဖြစ်စေ၊ ctf@ncsc.gov.mm သို့ အီးမေးလ်ဖြင့်ဖြစ်စေ ပေးပို့နိုင်ပြီး ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - ၀၆၇-၃၄၂၂၂၇၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မေးခွန်းဟောင်းများ Download လုပ်ရန်

https://drive.google.com/drive/folders/1sOu45_08pyCWZqWKjlF6PJNW9R_kjhG1?usp=sharing

Registration Form အား Download လုပ်ရန်

https://www.mmcert.org.mm/RegistrationForm2024.pdf

ပြိုင်ပွဲကျင်းပရေး ကော်မတီ