APCERT Drill 2022 အား မြန်မာနိုင်ငံမှ ပါဝင်လေ့ကျင့်

အာရှပစိဖိတ်ဒေသတွင်းရှိ ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ၏ ဆိုက်ဘာ တိုက်ခိုက်မှုများအား တုံ့ပြန်နိုင်မှု စွမ်းဆောင်ရည်များကို ဆန်းစစ်သည့်အနေဖြင့် အာရှ ပစိဖိတ်ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (APCERT) က နှစ်စဉ်ကျင်းပလျက်ရှိသည့် ဆိုက်ဘာလေကျင့်ခန်းကို မြန်မာနိုင်ငံအနေဖြင့်လည်း ယခင်နှစ်များကဲ့သို့ ပါဝင်လေ့ကျင့်ခဲ့သည်။

၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သော အဆိုပါ APCERT Cyber Drill 2022 ၏ ခေါင်းစဉ်မှာ “Data Breach through Security Malpractice” ဖြစ်ပြီး အင်တာနက် ပေါ်တွင် တွေ့ကြုံနေရသော ပြဿနာများနှင့် တိုက်ခိုက်မှုအစစ်များကို ထင်ဟပ်စေသည့် လေ့ကျင့်ခန်းဖြစ်သည်။

လေ့ကျင့်ခန်းတွင် ပြည်တွင်း၊ ပြည်ပမှ CSIRTs/CERT အဖွဲ့များနှင့် ဦးတည်တိုက်ခိုက် ခံရသည့် အဖွဲ့အစည်းတို့အကြား အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်း၊ အဖျက်အမှောင့် အခြေခံအဆောက်အဦ ရပ်တန့်စေရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ အဖျက်အမှောင့်ကုဒ်ကို သုံးသပ်လေ့လာခြင်း၊ အသိပေးခြင်းနှင့် ထိခိုက်ဆုံးရှုံးသည့် အဖွဲ့အစည်းအား ကူညီပံ့ပိုးခြင်း စသည့် လုပ်ငန်းစဉ်များ ပါဝင်လေ့ကျင့်ဆောင်ရွက်ရသည်။ ယခုလေ့ကျင့်ခန်းမှတစ်ဆင့် နိုင်ငံ များအကြား ဆိုက်ဘာခြိမ်းခြောက်မှုများ လျော့ပါးစေရန် ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ် စေရုံမျှမက တိုးတက်လာသော ဆက်သွယ်ရေးလုပ်ငန်းစဉ်များ၊ နည်းပညာစွမ်းရည်များနှင့် ဆိုက်ဘာတိုက်ခိုက်မှု တုံ့ပြန်နိုင်မှု အရည်အသွေးများ စိတ်ချသေချာစေခြင်းဖြင့် အင်တာနက် လုံခြုံရေးနှင့် ဘေးကင်းရေးအတွက် APCERT မှ လေ့ကျင့်ပေးသည်။

APCERT ၏ စီးပွားနိုင်ငံ ၂၁ နိုင်ငံ(သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်းဒါရုစလမ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်း၊ တွန်ဂါ၊ ဗာနူအာတူနှင့် ဗီယက်နမ်)တို့မှ CSIRT/ CERT အဖွဲ့အစည်း ၂၅ ခု နှင့် APCERT ၏ ပြင်ပနိုင်ငံ ၂ ခုမှ အဖွဲ့အစည်း ၄ ခုတို့က ပါဝင်လေ့ကျင့်ခဲ့ သည်။

မြန်မာနိုင်ငံအနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာ လုံခြုံရေး ဗဟိုဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (mmCERT/cc) မှ အဖွဲ့ဝင် ၆ ဦးက ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ အဆိုပါဆိုက်ဘာ လေ့ကျင့်ခန်းကို မြန်မာစံတော်ချိန် ၀၉၃၀ နာရီမှ စတင်လေ့ကျင့်ခဲ့ရာ ၁၄၃၀ နာရီတွင် ပြီးစီးခဲ့သည်။