Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          ပါရီမြို့ဆင်ခြေဖုံးရပ်ကွက်ရှိ André-Mignot သင်ကြားရေးဆေးရုံသည် စနေနေ့ညနေပိုင်း က ဖြစ်ပွားခဲ့သည့် ransomware တိုက်ခိုက်မှုကြောင့် ၎င်း၏ဖုန်းနှင့် ကွန်ပျူတာစနစ်များကို ပိတ်ပစ်ခဲ့ရသည်။

          ဆေးရုံကြီးကြပ်ရေးဘုတ်အဖွဲ့၏တွဲဖက်ဥက္ကဌ Richard Delepierre ၏ ပြောစကားအရ အဆိုပါ ransomware တိုက်ခိုက်မှုနောက်ကွယ်မှ တိုက်ခိုက်သူများက ပြန်ပေးငွေကို တောင်းဆို ထားပြီး ဖြစ်သည်။

          “ငွေပမာဏ မည်မျှတောင်းဆိုထားသည်ကိုမသိပေမယ့် ၎င်းတို့အနေနဲ့ ပေးဆောင်ဖို့ စိတ်ကူး မရှိကြောင်း” Delepierre က RFI ၏ သတင်းတစ်ပုဒ်တွင် ပြောဆိုထားသည်။

          လက်ရှိတွင် ခွဲစိတ်မှုတစ်ချို့တစ်ဝက်ကို ဖျက်သိမ်းခဲ့ရသောကြောင့် ကြိုတင်စာရင်းသွင်း ထားခြင်းမရှိသည့် ကုသမှုများနှင့် ဆွေးနွေးမှုများကိုသာ ဆေးရုံအနေဖြင့် လက်ခံကုသလျက်ရှိ ပါသည်။ မွေးကင်းစကလေးနှင့် အထူးကြပ်မတ်ကုသဆောင်များမှ လူနာ ၆ ဦးကိုတော့ အခြား ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ ပြောင်းရွှေ့စေခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးနှင့်စောင့်ရှောက်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

          "ခြိမ်းခြောက်မှုခံထားရတဲ့ ဆေးရုံရဲ့ ကျန်းမာရေးကုသမှုကို ခံယူတာကို ခွင့်မပြုနိုင်ပါဘူး။ ကျွန်တော် ဒီညနေခင်းမှာ ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရတဲ့ André-Mignot ဆေးရုံရဲ့ အဖွဲ့တွေရယ်၊ Jean-Noël Barrot နဲ့ရယ် အတူရှိခဲ့ပါတယ်" ဟု Braun က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

          "လူနာတွေကို ပြုစုစောင့်ရှောက်မှု သေချာစွာပေးနိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင် တွေနဲ့အတူ  နည်းလမ်းမျိုးစုံအသုံးပြုထားပါတယ်။"

          Ile-de-France ဒေသဆိုင်ရာ ကျန်းမာရေးအေဂျင်စီ (ARS)က ကြိုတင်စီစဉ်ထားပြီး ဖြစ်သော ညှိနှိုင်းမှုများ သို့မဟုတ် ကုသမှု(ဥပမာ။ ခွဲစိတ်မှု၊ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း) ခံယူလျက်သော လူနာများအား ၎င်းတို့၏ဆရာဝန် သို့မဟုတ် ကုသမှုရရှိနိုင်သော နေရာကို ချိတ်ဆက်ပေးနိုင်မည့် တာဝန်ပေးအပ်ထားသော ဌာနများထံ ဆက်သွယ်ရန် အကြံပြု ပြောကြားထားသည်။

          ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ တာဝန်ခံဝန်ကြီး Jean-Noël Barrot က ဆေးရုံအနေဖြင့် အခြားစက်ပစ္စည်းများသို့ အဖျက်အမှောက်ပရိုဂရမ် ပျံ့နှံ့မှုမရှိစေရန်အတွက် ကူးစက်ခံထားရသော စနစ်များကို ချက်ချင်း ခွဲထုတ်ခဲ့ကြောင်းနှင့် ပြင်သစ်အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးစနစ်များဆိုင်ရာ အာဏာပိုင်အဖွဲ့ (ANSSI)အား သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

            အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုကို ANSSI နှင့် ပါရီရှေ့နေရုံးတို့က စုံစမ်းစစ်ဆေးလျက်ရှိပြီး တနင်္ဂနွေနေ့တွင် André-Mignot ဆေးရုံမှ တရားဝင်တိုင်ကြားချက်အပြီး  နိုင်ငံအဆင့် ဒေတာတိုက်ခိုက်ခံရမှုနှင့် ငွေညှစ်ရန်ကြိုးပမ်းမှုအဖြစ် ပဏာမစုံစမ်းစစ်ဆေးမှု ပြုလုပ်လျက် ရှိသည်။

          ယနေ့ထိ အဆိုပါဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဒေသတွင်းရှိ အခြားသော ကျန်းမာရေးဆိုင်ရာ အဆောက်အဦများအပေါ် ထိခိုက်မှု မရှိသေးသော်လည်း လုံခြုံရေးနှင့် ကာကွယ်ရေး သတင်းအချက်အလက်စနစ်များဆိုင်ရာ အမျိုးသားအာဏာပိုင်အဖွဲ့ (ANSSI)မှ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ARS မှ ထပ်လောင်းပြောကြားခဲ့သည်။

          André-Mignot ဆေးရုံတိုက်ခိုက်မှုနောက်ကွယ်မှ ransomware အရေးကိစ္စ ကြိုးကိုင်သူ ကို မသိရသေးသော်လည်း ဂိုဏ်းများစွာက ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများကို ပစ်မှတ်ထားတိုက်ခိုက်ကြောင်း ထင်ရှားသည်။

          Maui နှင့် Zeppelin ransomware ကုဒ်များကို အသုံးပြုပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေး (HPH) အဖွဲ့အစည်းများကို တိုက်ခိုက်သည့် ခြိမ်းခြောက် တိုက်ခိုက်သူများနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု အာဏာပိုင်များက ယခင်က သတိပေးထားသည်။

          Daixin Team ဟုခေါ်သော ဆိုက်ဘာရာဇဝတ်အဖွဲ့သည် ကျန်းမာရေး စောင့်ရှောက်မှု နှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍများကို ပစ်မှတ်ထား၍ ransomware တိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေကြောင်း အခြားသော ပူးတွဲအကြံပေးအဖွဲ့မှ အောက်တိုဘာလတွင် သတိပေးခဲ့သည်။

           အမေရိကန်၊ ကျန်းမာရေးနှင့်လူ့စွမ်းအားဝန်ဆောင်မှုဌာန (HHS) ကလည်း ၎င်းတို့သည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လလယ်ကတည်းက ကမ္ဘာတစ်ဝှမ်းတွင် ဒါဇင်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော Venus ransomware ၏   ပစ်မှတ်ထား တိုက်ခိုက်ခံနေရကြောင်း နိုင်ငံ့ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းများအား နိုဝင်ဘာလတွင် သတိပေးခဲ့သည်။

          နာမည်ဆိုးဖြင့်ကျော်ကြားသော Hive ransomware ဂိုဏ်းသည် ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းများကိုလည်း တိုက်ခိုက်ခဲ့ပြီး အဆိုပါအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍ ၎င်းတို့တိုက်ခိုက်ခံခဲ့ရသူများထံမှ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာသန်း ၁၀၀ ခန့်ရရှိခဲ့သည်ဟု ခန့်မှန်းရရှိကြောင်း FBI မှ ပြောကြားခဲ့သည်။

“Sergiu Gatlan” ၏ “Ransomware attack forces French hospital to transfer patients” ကို ရည်မွန်ကျော် ဘာသာပြန်ဆိုသည်။

 

standard