Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Incident Handling – Intrusion Detection သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မေလ ၂၀ ရက်နေ့ နေလည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်းကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများနှင့် ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းအသီးသီးမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

          ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် Fourth Industrial Revolution ဟုခေါ်သော စတုတ္တမြောက်စက်မှုတော်လှန်ရေးသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာနေပြီဖြစ်သည်နှင့် အညီ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်များသည် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ကြုံတွေ့လာနေရကြောင်း၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများတွင် ဆိုက်ဘာတိုက်ခိုက်မှုများ၊ သတင်းအချက်အလက်ခိုးယူမှုများနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနည်းများကို လုပ်ဆောင်နိုင်စွမ်းရှိသည့် လူ့စွမ်းအားအရင်းအမြစ် နည်းပါးခြင်းသည်လည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်း၊ ယနေ့ခေတ် နိုင်ငံတကာနှင့်ယှဉ်ပြိုင်ပြီး အပြိုင်အဆိုင်များလာသည့် အခြေအနေတွင် Globalization ၏ သက်ရောက်မှုကြောင့်ဖြစ်စေ၊ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာကြောင့် ဖြစ်စေ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ယှဉ်ပြိုင်နိုင်စွမ်း၊ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းစသည့် အရည်အချင်းများလိုအပ်ကြောင်း၊ သတင်းအချက်အလက်လုံခြုံရေးနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ၏ လုံခြုံမှု level ကို သုံးသပ်၍ စီမံခန့်ခွဲပြီး လုပ်ဆောင်သွားကြဖို့ လိုအပ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ICT ကို အသုံးချပြီး စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားသွားဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

          သင်တန်းမှရရှိသည့် Security ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွေ့အကြုံ၊ ဗဟုသုတများကို မိမိဌာန၏ သတင်းအချက်အလက်လုံခြုံရေးစနစ် အဆင့်မြင့်မားစေရန် ပြန်လည်အသုံးချသွားရန်၊ ဝန်ထမ်းကောင်းမှ ဌာနကောင်းမည်၊ ဌာနကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ခံယူချက်ဖြင့် လုပ်ဆောင်သွားကြရန်နှင့် အိုင်စီတီဗဟုသုတများ အရှိန်အဟုန်ဖြင့် တိုးတက်အောင် အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

          ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒေါ်ခင်ငြိမ်းငြိမ်းဝင်းစံ အား၎င်း၊ ဒုတိယဆုရရှိသော  ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးကျော်ဇင်ဦး နှင့် တတိယဆုရရှိသော ဥပဒေရေးရာဝန်ကြီးဌာနမှ ဒေါ်နွေးသန္တာအောင် တို့အား ညွှန်ကြားရေးမှူးချုပ်မှ အသီးသီးဆုများ ချီးမြှင့်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

gallery