Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          တောင်ကိုရီးယားနိုင်ငံနှင့်  အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း တစ်ခုဖြစ်သည့် “ASEAN Cyber Sheild Hacking Contest” အား ​ ASEAN Cyber Sheild Hacking Contest Organizing Committee မှ ကြီးမှူး၍ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၁-၁၁-၂၀၂၃ ရက်နေ့မှ ၂၄-၁၁-၂၀၂၃ ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြုအသင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

            ယခုပြိုင်ပွဲသည် အာဆီယံတွင်ကျင်းပဖူးသော ပြိုင်ပွဲများထဲတွင် အမြင့်ဆုံးသော Hacking ပြိုင်ပွဲဖြစ်ပြီး အာဆီယံနိုင်ငံများတွင် ရင်ဆိုင်နေရသော ဆိုက်ဘာခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များအား ပြုစုပျိုးထောင်နိုင်စေရန်နှင့် ဒေသတွင်းပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ပြိုင်ပွဲဝင်များ၏ အရည်အချင်းများကို တိုးတက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲအား ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

            ပြိုင်ပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  အလွတ်တန်းအဆင့် ၂ သင်းစီ နှင့် တက္ကသိုလ်အဆင့် ၂ သင်းစီ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  အသင်းတစ်သင်းတွင် ပြိုင်ပွဲဝင် ၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ လက်ရည်စစ်ပွဲအား ၂ ရက်တာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Binary Analysis၊ Web၊ Crypto၊ Auditing နှင့် အထွေထွေဉာဏ်စမ်းပုစ္ဆာများကို ဖြေရှင်းရမည်ဖြစ်သည်။ လက်ရည်စစ်ပွဲအောင်မြင်သော အသင်းများသည် နောက်ဆုံးအဆင့်ဖြစ်သော “Attack & Defense” ကို ၂ ရက်တာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

          အလွတ်တန်းအဆင့်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် “C0NJUR3R5” အသင်းတွင် ဦးမျိုးမြင့်ထိုက်၊ ဒေါ်ရည်မွန်ကျော်၊ ဦးကျော်စွာမင်းနှင့် ဦးနိုင်လင်းထွန်းတို့ကလည်းကောင်း၊ “ASE” အသင်းတွင် ဦးပြည့်စုံလှိုင်၊ ဒေါ်ခင်မဉ္ဇူ၊ ဦးဝင်းမင်းအောင်နှင့် ဦးကောင်းရန်ပိုင်တို့ကလည်းကောင်း၊ တက္ကသိုလ်အဆင့်၌ “mm_cyb3r_s4g3” အသင်းတွင် မောင်​မင်းစစ်ပိုင်မှူး၊ မောင်အောင်စိုးပိုင်၊ မောင်ဇေယျာထက်နှင့် မောင်ကောင်းမင်းမြတ်တို့ကလည်းကောင်း၊ “U_SH3LL” အသင်းတွင် မောင်မြတ်မင်းခန့်၊ မောင်အာကာဇင်မိုး၊ မောင်စည်သူအောင်နှင့် မောင်ဟိန်းခန့်အောင်တို့က အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

          ပြိုင်ပွဲဆုကြေးငွေမှာ ပထမဆုအဖြစ် ဒေါ်လာ ၂ သောင်း၊ ဒုတိယဆုအဖြစ် ဒေါ်လာ ၁ သောင်းနှင့် တတိယဆုအဖြစ် ဒေါ်လာ ၅ ထောင်တို့ကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

standard