Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          FBI၊ ယူနိုက်တက်ကင်းဒမ်း အမျိုးသားမှုခင်းအေဂျင်စီနှင့် Europol တို့သည် LockBit Ransomware လှုပ်ရှားမှု၏ စီမံခန့်ခွဲသူအပေါ် ကျယ်ကျယ်ပြန့်ပြန့် စွဲချက်တင်ခြင်းနှင့် ပိတ်ဆို့အရေးယူခြင်းများ ထုတ်ပြန်ကြေညာခဲ့ပြီး ရုရှားလူမျိုးဆိုက်ဘာခြိမ်းခြောက်သူ၏ သရုပ်မှန်အား ပထမဆုံးအကြိမ် ထုတ်ဖော်ခဲ့သည်။

          အမေရိကန်တရားရေးဌာန၏ စွဲချက်အသစ်နှင့် NCA ၏ သတင်းထုတ်ပြန်ချက်အရ  “LockBitSupp” အမည်ရှိ LockBit Ransomware ဖြန့်ချိသူသည် ဒစ်မစ်ထရီယူရီဗစ်ချ်ခိုရိုရှဖ် အမည်ရှိ ရုရှားနိုင်ငံသားဖြစ်ကြောင်း သိရှိရသည်။ တရားရေးဌာနသည် နောက်ထပ်အချက်အလက်များနှင့်အတူ ယနေ့တွင်ပင် စွဲချက်တင်ရန် မျှော်လင့်ရသည်။

Dimitry

          LockBit Ransomware ဂိုဏ်း၏ စီမံခန့်ခွဲသူနှင့် Ransomware ရေးသားသူ ဖြစ်သော ရုရှားနိုင်ငံသား ဒစ်မစ်ထရီခိုရိုရှဖ်အပေါ် ပိတ်ဆို့အရေးယူမှုများကို ယနေ့တွင်  ယူနိုက်တက်ကင်းဒမ်း၏ နိုင်ငံခြား၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) မှ အမေရိကန်ငွေတိုက်ဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) နှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့်အတူ ကြေညာထားကြောင်း အမျိုးသားမှုခင်းအေဂျင်စီက ကြေညာသည်။

          “အမည်မဖော်ဘဲ လှုပ်ရှားခဲ့သော၊ ၎င်း၏အကြောင်းအား စုံစမ်းဖော်ထုတ်နိုင်သူကို အမေရိကန်ဒေါ်လာ ဆယ်သန်းချီးမြှင့်မည်ဟု ကမ်းလှမ်းခဲ့သော LockBitSupp ခေါ် ခိုရိုရှဖ်သည် ယခုအခါ ပိုင်ဆိုင်မှုများပိတ်ခံရခြင်းနှင့် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းများ ကြုံတွေ့ရလိမ့်မည်။”

          ယနေ့ထုတ်ပြန်ချက်များတွင် ပိုင်ဆိုင်မှုများ ပိတ်ခံရခြင်းနှင့် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းများအပါအဝင် LockBit ရေးသားသူနှင့် စီမံခန့်ခွဲသူအပေါ် ပိတ်ဆို့အရေးယူမှုများ ပါဝင်သည်။ အမေရိကန်အနေဖြင့်လည်း တရားမျှတမှုအတွက်ဆုကြေး ပရိုဂရမ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် LockBitSupp အားဖမ်းဆီးခြင်းနှင့် ပြစ်မှုထင်ရှားစီရင်ခြင်း အချက်အလက်များအတွက် အမေရိကန်ဒေါ်လာ ဆယ်သန်း ကမ်းလှမ်းထားသည်။

          ရုရှားနိုင်ငံသား LockBit စီမံခန့်ခွဲသူနှင့် ရေးသားသူသည် ယခုအခါ ယူနိုက်တက်ကင်းဒမ်း နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး၊ အမေရိကန်ငွေတိုက်ဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) နှင့် ဩစတြေးလျ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော ပိုင်ဆိုင်မှုများပိတ်ပင်ခံရခြင်းနှင့် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း Europol ၏ ကြေညာချက်တွင် ဖတ်ရှုနိုင်သည်။

          (ဖိုင်များပြန်လည်ရရှိရန်အတွက်) ခြိမ်းခြောက်ငွေအားပေးဆောင်ခြင်းသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ရာရောက်သောကြောင့် ကုမ္ပဏီများအပေါ် အစိုးရမှ ဒဏ်ငွေများ ချမှတ်နိုင်သဖြင့် ဤပိတ်ဆို့အရေးယူမှုများက Ransomware လုပ်ငန်းလည်ပတ်မှုကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေမည်ဖြစ်သည်။

          ယခင်ကလည်း အလားတူပိတ်ဆို့အရေးယူမှုများကြောင့် အချို့သော Ransomware ညှိနှိုင်းရေးမှူးများသည် ပိတ်ဆို့အရေးယူမှုပြုလုပ်ခံထားရသော Ransomware လည်ပတ်မှုများအတွက် ခြိမ်းခြောက်တောင်းခံငွေပေးချေမှုများတွင် ကူညီနိုင်ခြင်း မရှိတော့ပေ။

          LockBit အခြေခံအဆောက်အဦအား သိမ်းဆည်းခြင်းနှင့် ဖောက်ထွင်းခြင်းတို့ပြုလုပ်ခဲ့ပြီး ယခင်က ကြေညာထားသည်ထက် ဖိုင်များပြန်ဖြည်နိုင်ရန် ကီးများ ပိုမိုရရှိခဲ့သည်ဟု ဥပဒေစိုးမိုးရေးမှလည်း ကြေညာခဲ့သည်။

          ဖေဖော်ဝါရီလတွင် “ခရိုနိုစ်စစ်ဆင်ရေး” အမည်ရှိ နိုင်ငံတကာဥပဒေစိုးမိုးရေးလုပ်ဆောင်မှုတစ်ခုက ပေါက်ကြားသောဒေတာများတင်သည့် ဝဘ်ဆိုက်များနှင့် ၎င်းတို့၏အရန် Website များ၊ တိုက်ခိုက်ခံထားရသောသူများထံမှ ခိုးယူထားသည့်ဒေတာများ၊ ခရစ်တိုငွေကြေးလိပ်စာများ၊ ဝှက်စာပြန်ဖော်သည့်ကီးများနှင့် တိုက်ခိုက်ရာတွင်ပတ်သက်သူများ၏ Panel များအား သိမ်းဆည်းရာ ဆာဗာ ၃၄ ခု ပါဝင်သော LockBit ၏ အခြေခံအဆောက်အဦအား ဖြုတ်ချခဲ့သည်။

          Europol က ယခုအခါတွင် ၎င်းတို့အနေဖြင့် ဝှက်စာပြန်ဖော်သည့်ကီး ၂၅၀၀ အား ရရှိထားပြီး LockBit ၏တိုက်ခိုက်ခံထားရသူများအား ၎င်းတို့၏ဖိုင်များကို အခမဲ့ ပြန်လည်ရယူတွင် ဆက်လက်ကူညီပေးနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Lawrence Abrams ၏ “LockBit ransomware admin identified, sanctioned in US, UK, Australia” ကို ဘာသာပြန်ဆိုသည်။

standard