Skip to main content

Official website of the Myanmar Cyber Emergency Response Team

Submitted by myomyinthtike on

          အွန်လိုင်း စတိုးဆိုင်များကို အုပ်ချုပ်ရသည့် ကုမ္ပဏီအုပ်စုတစ်ခု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Onur Aksoy သည် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရ၊ ကျန်းမာရေး၊ ပညာရေးနှင့် စစ်ဘက်အဖွဲ့အစည်းများထံသို့ အမေရိကန်ဒေါ်လာ သန်းတစ်ရာတန်သော Cisco ကွန်ရက်စက်ပစ္စည်းတုများ ရောင်းချမှုအတွက် ထောင်ဒဏ် ၆ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

          အသက် ၄၀ အရွယ် ဖလော်ရီဒါအမျိုးသားကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် မိုင်ယာမီတွင် ဖမ်းဆီးခဲ့ပြီး ကုန်ပစ္စည်းတုများရောင်းဝယ်ဖောက်ကားမှု၊ မေးလ်ဝန်ဆောင်မှုနှင့် အီလက်ထရောနစ်ဆက်သွယ်ရေးနည်းလမ်းဖြင့် လိမ်လည်မှုတို့ဖြင့် ထိုနေ့တွင်ပင် စွဲချက်တင်ခံခဲ့ရသည်။

          ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ၎င်းက ကုမ္ပဏီ ၁၉ ခု၊ eBay နှင့် Amazon အွန်လိုင်းစတိုး ၂၅ ခုမှတစ်ဆင့် ဤကြီးမားသောလုပ်ငန်းဆောင်ရွက်မှုကို ပြုလုပ်ခဲ့ခြင်းအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။

          လျှောက်လဲချက်အရ ၎င်းသည် ဟောင်ကောင်နှင့် တရုတ်ပစ္စည်းတုထုတ်လုပ်သူများထံမှ အရည်အသွေးနိမ့်သော ပြုပြင်ထားသည့် ကွန်ရက်စက်ပစ္စည်း ထောင်ပေါင်းများစွာကို Cisco မှ သတ်မှတ်ထားသော လက်လီစျေးနှုန်းထက် ၉၈ ရာခိုင်နှုန်း စျေးလျှော့၍ တင်သွင်းခဲ့သည်။

          ဤစက်ပစ္စည်းအားလုံးတွင် အတုပြုလုပ်ထားသော Cisco တံဆိပ်များ၊ စတစ်ကာများ၊ ပုံးများ၊ စာရွက်စာတမ်းများနှင့် ထုတ်ပိုးမှုများ ပါဝင်ပြီး Cisco မှ ပိုင်ဆိုင်ပြီး မှတ်ပုံတင်ထားသည့် ကုန်သွယ်မှုအမှတ်တံဆိပ်အတုများအား Cisco မှထုတ်လုပ်ပြီး တရားဝင်ခွင့်ပြုချက်ပေးထားသည့် သစ်လွင်သော၊ စစ်မှန်ပြီး အရည်အသွေးမြင့်သော စက်ပစ္စည်းများအဖြစ် ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။

          Cisco ထုတ်ကုန်အတုများကို Amazon နှင့် eBay တို့တွင် စစ်မှန်သော စက်ပစ္စည်းသစ်များအဖြစ် အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံရပ်ခြားရှိ သုံးစွဲသူများထံ ရောင်းချခဲ့ပြီး ၎င်းစက်ပစ္စည်းများအား ဆေးရုံများ၊ ကျောင်းများ၊ အစိုးရအေဂျင်စီများနှင့် အမေရိကန်စစ်တပ်များရှိ ကွန်ရက်များတွင် သုံးစွဲခဲ့ကြောင်း စွဲချက်တွင် ဖော်ပြထားသည်။

          သို့ရာတွင် Pro Network Entities က ရောင်းချသော စက်ပစ္စည်းများသည် အသစ်ပုံစံနှင့် ပိုစျေးကြီးသော စက်ပစ္စည်းအစစ်များနှင့် တူစေရန် ပြုပြင်ထားသော မော်ဒယ်ဟောင်းများ ဖြစ်သောကြောင့် စွမ်းဆောင်ရည်၊ လုပ်ဆောင်နိုင်စွမ်းနှင့် ဘေးကင်းရေး ပြဿနာများနှင့် ကြုံတွေ့ခဲ့ရသည်။

          ဤပြဿနာများကြောင့် ဖောက်သည်များ၏ လုပ်ငန်းဆောင်တာများနှင့် ကွန်ရက်များကို သိသိသာသာ ပျက်စီးစေသည့် ရပ်တန့်မှုနှင့် ချွတ်ယွင်းမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။

Pro Network ကုမ္ပဏီများနှင့် စတိုးများ (မူရင်း - တရားရေးဌာန)

​          ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးအဖွဲ့သည် Pro Network Entities သို့ ပေးပို့နေသည့် Csico စက်ပစ္စည်းတု တင်ပို့မှု ၁၈၀ ကို ကြားဖြတ်တားဆီးခဲ့သည်။

          ဤသို့ဖမ်းဆီးမှုများကို တုံ့ပြန်သည့်အနေဖြင့် Aksoy သည် စာရွက်စာတမ်းများအတွက် နာမည်တုများကို သုံးခဲ့ပြီး Pro Network Entities နှင့် ဆက်စပ်မှုမရှိစေရန် ပေးပို့ရမည့်လိပ်စာတုကို စာရင်းသွင်းခဲ့ကာ အာဏာပိုင်များ၏ စိစစ်မှုကို ရှောင်ရှားခဲ့သည်။

          ထို့နောက် စစ်ဆေးခံရခြင်းအခွင့်အလမ်း နည်းပါးစေရန် တရုတ်မှရောင်းချသူများထံ ထုတ်ကုန်များ​ ပေးပို့ရာတွင် သေးငယ်သောထုပ်ပိုးမှုများဖြင့် ပေးပို့ရန်နှင့် ရက်အလီလီခွဲပို့ရန် ညွှန်ကြားခဲ့သည်။

          ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြားတွင်း Cisco မှ Aksoy ထံ ကုန်ပစ္စည်းတုများ ရောင်းဝယ်ဖောက်ကားခြင်းအား ရှောင်ရှားရပ်တန့်ရန် စာ ၇ စောင် ပေးပို့ခဲ့သည်။ Aksoy အနေဖြင့် ၎င်း၏ရှေ့နေအား Cisco ထံ စာရွက်စာတမ်းတုများ ထုတ်ပေးစေခြင်းဖြင့် ထိုစာ ၇ စောင်ထဲမှ အနည်းဆုံး ၂ စောင်ခန့်ကို ပြန်ကြားခဲ့ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် တရားရေးဌာနမှ ပြောကြားခဲ့သည်။

          ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် အေးဂျင့်များသည် Aksoy ၏ ဂိုဒေါင်တွင် ရှာဖွေဝရမ်းကို သုံးပြီး  လက်လီတန်ဖိုး ဒေါ်လာ ၇ သန်းကျော်ရှိသော Cisco စက်ပစ္စည်းအတု ၁,၁၅၆ ခုခန့်ကို သိမ်းဆည်းရမိခဲ့သည်။

          Aksoy သည် ဤလုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီး သန်းနှင့်ချီ၍ အမြတ်ငွေများ ရရှိခဲ့မှုဖြင့် ထောင်ဒဏ် ၆ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံရသည်။ လျှောက်လဲချက်အရ ၎င်းသည် Cisco ထံ ဒေါ်လာ သန်းတစ်ရာ လျော်ကြေးပေးဆောင်ရမည်ဖြစ်ပြီး ၎င်း၏လုပ်ငန်းမှ သိမ်းဆည်းရမိသော ဒေါ်လာသန်းပေါင်းများစွာတန် ထုတ်ကုန်အတုများကို ဖျက်ဆီးခြင်းအား ခွင့်ပြုရမည်ဖြစ်သည်။

Sergiu Gatlan ၏ “CEO who sold fake Cisco devices to US military gets 6 years in prison” ကို ဘာသာပြန်ဆိုသည်။

standard